Monday, October 29, 2012

ကနေဒါနိုင်ငံမှာ ရွှေညဝါဆရာတော်ရဲ့ တရားပွဲများ ထပ်မံတိုး


ကနေဒါနိုင်ငံမှာ ရွှေညဝါဆရာတော်ရဲ့ တရားပွဲများ ထပ်မံတိုး
ကျော်ဟုန်း ၊ ၂၉ အောက်တိုဘာ
ရွှေညဝါဆရာတော် အရှင်ပညာသီဟ ဟာ ကနေဒါနိုင်ငံမှာ ရက်သတ္တပတ်ကြာ ဗီဇာရခဲ့ပါတယ်။ ထိုရရှိတဲ့ တပတ်အတွင်းမှာပဲ ကနေဒါနိုင်ငံအတွင်းမှာရှိတဲ့ ဗန်ကူးဗား ဘီစီ၊ တိုရန်တို၊ ကယ်ဂရိ၊ စက်စကာတွန်း မြို့ များမှ ဗုဒ္ဓဘာသာဝင်သူတော်စင် မြန်မာ ပြည်သားများက ဆရာတော်ကို တရားဟောရန် ပင့်လျှောက်လာကြပါတယ်။
ထိုပင့်လျှောက်ချက်အရ ဆရာတော်ဟာ ပထမဆုံးတရားပွဲကို(နိုဝင်ဘာ၊၃၊၂၀၁၂) ညနေ(၆-၁၀)နာရီထိ ဗန်ကူးဗားမှာတရား ဟောမှာဖြစ်ပါတယ်။ ထိုတရားပွဲအပြီး (နိုဝင်ဘာ - ၃)ရက်၊ ည ၁၁း၃၀ မှာ လေယာဉ်ဖြင့် တိုရန်တိုသို့  ကြွချီမှာဖြစ်ပါတယ်။  (နိုဝင်ဘာ-၄)ရက်မှာ တိုရန်တိုတွင် ဒုတိယမြောက် တရားပွဲ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။
နောက် (၅)ရက် ကြာမျှ တိုရန်တိုမြို့ မှာ သီတင်းသုံးနေထိုင်အပြီး (နိုဝင်ဘာ-၁၀-၂၀၁၂)တွင် ကယ်ဂရိမြို့ မှာ တတိယမြောက် တရားပွဲကျင်းပမှာဖြစ်ပါတယ်။ စတုတ္ထမြောက်တရားပွဲကို (နိုဝင်ဘာ-၁၁ -၂၀၁၂) မှာ စက်စကာတွန်းမြို့ တွင်ကျင်းပမှာဖြစ်ပြီး ဒီတရားပွဲဟာ ကနေဒါမှာ နောက်ဆုံးတရားပွဲဖြစ်ပါတယ်။ ဗန်ကူးဗား ဘီစီသို့  နိုဝင်ဘာ ၁၂-ရက်နေ့ ပြန်လည်ရောက်  ရှိလာ မယ်လို့  သိရပါတယ်။ နောက်နေ့  (နိုဝင်ဘာ -၁၃- ၂၀၁၂)မှာ ထိုင်းနိုင်ငံသို့    ကြွချီတော့မှာဖြစ်ကြောင်း ဗန်ကူးဗား - ဗုဒ္ဓရံသီ ကျောင်းထိုင်ဆရာတော် အရှင် ဂေါသကနဲ့ ကိုတင်နွယ်တို့ က အကြောင်းကြားလာပါတယ်။
(Shwe Nya War Sayadaw Dhamma Pwe Seen at Fremont, SF Bay, 28th Oct 2012)
ရွှေညဝါဆရာတော်ဟာ ပြည်ပတရားပွဲများကျင်းပနေရခြင်းမှာ ပြည်တွင်းမှာ တရားဟောခွင့်ပိတ်ပင်ထားခြင်းခံရသောကြောင့် ဖြစ်ပါတယ်။ ယခင် သတင်းသုံးနေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ ၊ ကြည့်မြင်တိုင်၊ နတ်စင်လမ်းက ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကျောင်းတော် တွင်း  သီတင်းသုံးခြင်းနဲ့ သင်တန်းပို့ ချခြင်းများကိုလဲ အာဏာပိုင်တွေက ပိတ်ပင်ခဲ့ပါတယ်။ အကြောင်းကတော့ ဆရာတော် ဟာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ အသုံးအနှုံးများထည့်သွင်းဟောပြောမှု၊ တရားဟောပိတ်ပင်ကာလအတွင်း မန်းဒီချုပ်ရုံးဖွင့် ပွဲတွင် သြဝါဒပေးခြင်းကို တရားဟောသည်ဟု ရိုးစွတ်ကာ နေထိုင်ရာ ဗုဒ္ဓတက္ကသိုလ်မှ အပြီးဖယ်ရှားပေးခဲ့ရတာကြောင့် ယခု ရန်ကုန်မြို့ စွန် မှော်ဘီမှာ ဝါးတဲငယ်လေးနဲ့  သီတင်းသုံးနေရပါတယ်။
ဆရာတော်ဟာ ထေရဝါဒသာသနာတည်တံ့ပြန့် ပွားရေးအတွက် ယနေ့ ချိန်ထိ ရဟန်းသိက္ခာပုဒ်မပျက် ကျင့်ကြံနေထိုင်ရင်း တပြည့်ပေါင်း (၁၀၀၀)ကျော်ကို စာဝါချပေးခဲ့သူ သံဃာမြတ်တပါးဖြစ်ပါတယ်။ ဒါ့အပြင် မနက်တိုင်း  တပြည့်များနှင့် ဆွမ်းခံ ကြွပြီး  ပိုလျှံသမျှ စားသောက်ဖွယ်ရာများကို  နေ့ စဉ် အလှည့်ကျ မရှိဆင်းရဲသူများရပ်ကွက်များသို့ လည်းကောင်း၊  မိဘမဲ့ ဂေဟာများသို့ လည်းကောင်း စွန့် ကြဲဒါနပြုခဲ့တဲ့ ဆရာတော်လဲဖြစ်ပါတယ်။  ယခုတိုင်လဲ မိမိပျိုးထောင်ခဲ့တဲ့ ဗုဒ္ဓတက္ကသိုလ် စာသင်သားတပြည့်များအတွက် ငွေကြေး၊ပစ္စည်း(၄)ပါးအတွက် ထောက်ပံ့စွန့် ကြဲဒါနပြုနေဆဲဖြစ်ပါတယ်။ လက်ရှိ သီတင်း သုံးရာ မှော်ဘီဝါးတဲကျောင်းကိုလဲ စာဝါချနိုင်သည့် ကျောင်းတော်ကြီးဖြစ်ရန် ရည်သန်ထားကြောင်း သိရပါတယ်။
ထို့ အတွက်ကြောင့် ဆရာတော်နဲ့ ကြုံကြိုက်ခွင့်၊ တရားနားခွင့်ရခိုက်မှာ သာသနာ့ဒါယကာ၊ ကျောင်းဒါယကာ၊ဒါယိကာမများ ဖြစ်ခွင့်ရနိုင်တဲ့အတွက် မိမိတို့ တတ်နိုင်သမျှ လှူဒါန်းနိုင်ရန် မိုးမခသတင်းမီယာမှ  နိဗ္ဗာန်အကျိုးမျှော်ကာ  ဆော်သြလိုက်ပါ  ရတယ်။     ။


No comments:

Post a Comment